Saturday, October 22, 2011

စင်ကာပူမှ ရေမြောင်းများ

အချီး -


နှာစေး၊ ချောင်းဆိုးဖြစ်ကာ ခေါင်းများကိုက်ပြီး နေမကောင်းပါသဖြင့် ပြီးခဲ့သောရက်များက စာရေး၊ စာဖတ်မလုပ်နိုင်ပါ။ ယနေ့တော့ အတော်သက်သာသွားပြီ။ ချောင်းအနည်းငယ် ဆိုးနေပြီး ခေါင်းလည်း နည်းနည်းကိုက်နေသေးသော်လည်း ဘာမှမလုပ်ဘဲ၊ အိပ်လည်း မပျော်ပါဘဲလျှက် အိပ်ယာထဲတွင် အိပ်နေရမှာ အင်မတန် ပျင်းသည့်အတွက် ရေးလက်စ ရေမြောင်းများအကြောင်း ဆက်ရေးပါသည်။ သည့်အတွက် ပို့စ်အသစ်စောင့်နေသူ မိတ်ဆွေများအား တောင်းပန်ပါသည် ခင်ဗျား။

(၁) ရေမြောင်းနိဒါန်း

ယခုလောလောဆယ် ထိုင်းနိုင်ငံတွင် ရေလျှံနေသည့်သတင်းကို လူတိုင်းကြားသိမည်ဖြစ်ပါ၏။ မြန်မာနိုင်ငံ၌လည်း ဟင်္သာတ ရေဘေး၊ ပဲခူးရေဘေး၊ တောင်ငူရေဘေး စသဖြင့် ရေကြီးရေလျှံသော သတင်းများကို မကြားချင်အဆုံး ဖြစ်နေရပါသည်။ မိုးခေါင်ပြီဆိုတော့လည်း သောက်စရာရေပင်မရှိ။ လူတို့၏ မသမာမှုများကြောင့် ရာသီဥတု ဖောက်ပြန်လာသော သင်္ကေတ များပင်ဖြစ်ပါ၏။ ဆက်လက်မထိန်းသိမ်းလျှင် သည်ထက်ပိုဆိုးလာမည်ဖြစ်သည်။

ယခုကျွန်တော်ပြောမည်မှာ ရာသီဥတုဖောက်ပြန်မှုအကြောင်းမဟုတ်ပါ။ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသည်းထန်စွာ ရွာသောအခါ မြို့များအတွင်း၌ မထိန်းနိုင်မသိမ်းနိုင် ရေများလျှံလာခြင်းအကြောင်းနှင့် ထိုရေများကို မြို့တွင်း၌ကြာရှည်မနေရ လေအောင် မည်ကဲ့သို့သော ရေနှုတ်မြောင်းများ (စင်ကာပူတွင်) လုပ်ထားသည် ဆိုသည့်အကြောင်း ဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ အမှိုက်သိမ်းသည့်အကြောင်း ရေးထားသော ဆောင်းပါး၏ ရည်ရွယ်ချက်အတိုင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ရန်ကုန်ရွှေမြို့တော်တွင် မိုးမရွာလိုက်နှင့်။ ရွာပြီဆိုသည်နှင့် ရန်ကုန်မြို့လည်ခေါင်မှ လမ်းများမှာ အင်မတန် ညစ်ပတ်လှသော၊ ရောဂါပိုးမွှားများဖြင့် ပြည့်နှက်လျှက်ရှိသော ရေဆိုးရေညစ်များနှင့် ပြည့်လျှံလာပါတော့သည်။ ရန်ကုန် မြို့သူ၊ မြို့သားများမှာမူ သည်ကိစ္စသည် ဘာမှထူးဆန်းသော ကိစ္စမဟုတ်တော့။ ရိုးနေပြီ။ မိုးရွာပြီးပြီဆိုလျှင်တော့ စည်ပင်ဝန်ထမ်း များ ရေမြောင်းများဖော်နေတာ ကြိုကြားကြိုကြား တွေ့နိုင်ပါသည်။

ကားလမ်းများဘေးတွင် လမ်းလျှောက်၍မရသော လူသွားပလက်ဖောင်းများရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုပလက်ဖောင်း များအောက်တွင် ရေမြောင်းများရှိသည်ဟု ထင်ရပါသည်။ သို့သော် အမှိုက်များဖြင့်ပြည့်နေသော မြောင်းများလား၊ မိုးရွာလျှင် ရေကောင်းကောင်းစီးသွားနိုင်သော မြောင်းများလား ဆိုသည်ကိုတော့ ကျွန်တော် သေသေချာချာမသိပါ။ ယခုအခေါက် ရန်ကုန်ပြန်စဉ်ကမူ ကျွန်တော်တို့အိမ်အနီး နာနတ်တောလမ်းဘေးမှ ရေမြောင်းများ ဖော်နေသည်ကို တွေ့ရပါသည်။ သူတို့ မြောင်းဖော်နေသည်ကို သွားရင်းလာရင်း စူးစမ်းမိသော် အနှီရေမြောင်းများမှာ မြေစာများ၊ အမှိုက်များဖြင့် ပြည့်နှက်လျှက် ရှိသည်ကို တွေ့ရပါသည်။

မြို့ပြတစ်ရပ်ဟူသည် လူတွေနေကြရုံ၊ ဈေးကြီးတွေရှိရုံ၊ ရုံးကြီးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေရှိရုံမျှနှင့်မပြီး။ အခြေခံ လိုအပ်ချက်များဖြစ်သော သယ်ယူပို့ဆောင်ရေးစနစ်၊ ဆက်သွယ်ရေးစနစ်၊ ရေပေးဝေရေးစနစ်၊ မီးပေးစနစ်၊ ရေဆိုးထုတ်စနစ်၊ ရေမြောင်းကွန်ယက်များစနစ်၊ မီးကာကွယ်ရေးစနစ်၊ အမှိုက်သိမ်းရေးစနစ် စသည်တို့ကို ပြီးပြည့်စုံအောင် ဖန်တီးပေးရန် လိုပါသည်။

ရန်ကုန်တွင် ရေနှုတ်မြောင်းများကို မည်ကဲ့သို့စီမံထားသည်မသိ။ ယခု စင်ကာပူမှ ရေမြောင်းများအကြောင်းကို PUB Website နှင့် အခြား ဆက်စပ် အင်တာနက်စာမျက်နှာများမှ ထုတ်နှုတ်ကာ ဗဟုသုတရကြစိမ့်သောငှာ တင်ပြလိုက်ပါသည်။ နောက် ရေဆိုးထုတ်စနစ် (Sewerage System), သယ်ယူပို့ဆောင်ရေးစနစ် (Transportation System), မီးကာကွယ်ရေးစနစ် (Fire Protection System), မီးပေးစနစ် (Singapore Power) စသည်တို့ကို ဆက်လက်ရေးသားသွားမည်ဟု စိတ်ကူးထားပါသည်။ ကိုယ့်နိုင်ငံက စနစ်အကြောင်းမရေးဘဲ သူများတိုင်းပြည်အကြောင်းချည်း ရေးရပါမည်လားဟု စိတ်မရှိကြပါလင့်။ သူများတိုင်း ပြည် အကြောင်းက ကွန်ပြူတာဖွင့်သည်နှင့် အကုန်သိရသည်။ ကျွန်တော်တို့ဆီက အကြောင်းကို ဘယ်သွားရှာရပါမည်နည်း။

စင်ကာပူမှာလည်း ရေလျှံတာပါပဲဗျာ ဟု စင်ကာပူတွင်နေသူများက ပြောပါလိမ့်မည်။ နဂိုကတော့ မိုးရေချိန်လက်မတွေ၊ ရေ၀င် ဧရိယာတွေ၊ ဘာတွေနဲ့ ဟုတ်တိပတ်တိ တွက်ချက်ထားတာပဲ။ သို့သော်လည်း ဖောက်ပြန်လာသော ရာသီဥတုကိုတော့ ဘယ်လိုမှ လုပ်လို့မရ။ သည်ကိစ္စ (Orchard မှာရေလျှံတဲ့ကိစ္စ) ဘယ်လိုလုပ်ရင်ကောင်းမလဲ ဟု သူတို့ခေါင်းချင်းရိုက် နေကြပါသည်။ စင်ကာပူမှ ကျွမ်းကျင်ပညာရှင်များသာမက နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်များကိုပါ ဖိတ်ခေါ်ကာ အဖြေရှာ နေကြပါသည်။  



စင်ကာပူမှ ရေလျှံသည့် ဓါတ်ပုံများ

(၂) စင်ကာပူရေမြောင်းများ၏ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်
စင်ကာပူက “ရေ” တွင် စင်ကာပူသည် ရေအရင်းအမြစ်မရှိသည့်အတွက် မိုးရေကို တတ်နိုင်သမျှ ဆုံးရှုံးမှုနည်းအောင် ရေမြောင်းများ၊ တမံများဖြင့် ဆည်ထားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ စင်ကာပူတွင် ရေမြောင်း၊ တူးမြောင်း စုစုပေါင်း အရှည် ကီလို ၇၀၀၀ ကျော်ရှိသည်။
အစောပိုင်းကာလ စင်ကာပူတွင် ရေမြောင်းများဖောက်လုပ်ရခြင်း အဓိကရည်ရွယ်ချက်မှာ ကျန်းမာရေးကြောင့် ဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်များက ခြင်ကြားကြောင့် ငှက်ဖျားအကြီးအကျယ် ဖြစ်ခဲ့သည်။ ငှက်ဖျားကို ဖြစ်စေသော ခြင်မှာ Anopheles ခြင် ဖြစ်၏။ ထိုခြင်ကား ပူအိုက်စွတ်စိုသော ရာသီဥတု၌ အလွန်ပေါက်ဖွားနှုံးမြန်သည်။ ပြား ၂၀ စေ့မျှ ရေကွက်ရှိလျှင်ပင် ခြင်ပေါက်ရန် လုံလောက်နေပြီ။ အလွန်သတိထားရ၏။
(ရောဂါဖြစ်စေနိုင်သော ပိုးမွှားများအနက် ခြင်၊ ယင်၊ ကြွက် တို့မှာ အဓိကဖြစ်၏။ ထို့အတွက် စင်ကာပူတွင် ဤ အကောင် ပလောင်သုံးမျိုးကို အဓိကထား နှိမ်နှင်းသည်။ နောက်ပိုင်းတွင် ခြင်အကြောင်း၊ ယင်အကြောင်း၊ ကြွက်အကြောင်းများကို သပ်သပ်ဆောင်းပါးများ ရေးပါမည်။ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များလှသည်။ သိထားတော့ ကာကွယ်သင့်တာ ကာကွယ်နိုင်သည်ပေါ့။ ဤကားစကားချပ်)
ထိုအခါ အစိုးရက ခြင်များမပေါက်ဖွားနိုင်စေရန် ငှက်ဖျားတိုက်ဖျက်ရေးအတွက် ရေ၀ပ်ဧရိယာ နည်းနိုင်သမျှနည်းစေရန် ရေမြောင်းများကို ၁၉၁၄ ခုနှစ်တွင် စတင် ဖောက်လုပ်ခဲ့သည်။ ထို့နောက် မြို့ပြစနစ် တဖြည်းဖြည်း ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရာ ထိုငှက်ဖျားရေမြောင်းများအား မြို့ပြရေလျှံရေးကို ကာကွယ်မည့် ရေမြောင်းများအဖြစ် ပြောင်းလဲအသုံးချနိုင်ခဲ့သည်။ ရေ မြောင်းကွန်ယက်များ လုပ်ရာတွင် သဘာဝ ချောင်းမြောင်းများ၊ မြေအောက်ရေပိုက်များ၊ ကွန်ကရိရေမြောင်းများကို သုံးခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ရေလျှံမှုလျှော့ချရေးကော်မတီ ကို ဖွဲ့ခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း မြို့တွင်းရေမလျှံစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းအများစုမှာ လူနေထူထပ်လာပြီး ရေလျှံသည့်ဒုက္ခကို လူအများခံစား ရလေ့ရှိသည့် Queenstown, Geylang, Bedok, Potong Pasir, Whampoa, Jurong, Tampines and Seletar တို့တွင် ဖြစ်၏။ ရေလျှံလာလျှင် ရေများကို အမြန်ထုတ်ပစ်နိုင်ရန် လက်ရှိရေမြောင်းများကို ချဲ့ခြင်း၊ ပိုနက်အောင်တူးခြင်း၊ ကွန်ကရိ နံရံများခင်းခြင်း စသည်တို့လုပ်ခဲ့သည်။

ထိုမျှသာမက ပင်နယ်ကမ်းခြေနှင့်ဆက်နေသဖြင့် ဒီရေတက်သောအခါ ရေလျှံမှုမကြာခဏ ဖြစ်လေ့ရှိသော စင်ကာပူ မြို့လယ် စီးပွားရေးဗဟိုဒေသကို ပင်လယ်ဒီရေထိန်းတံခါးများတပ်ဆင်လိုက်ခြင်းဖြင့် ရေလျှံမှုကို လျှော့ချခဲ့သည်။

၁၉၇၀ ခုနှစ်များတွင် သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာန၊ ရေမြောင်းဌာန သည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၊ လူနေအိမ်များ ဖွံ့ဖြိုရေးဘုတ်အဖွဲ့ (HDB) တို့နှင့်ပူးပေါင်းကာ ပိုမိုပြည့်စုံသော ရေနှုတ်မြောင်းစနစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက်မှာ ရေတိုမဟုတ်။ နောင်အခါ တိုးတက်လာမည့် တိုက်တာအဆောက်အဦ၊ လူဦးရေ စသည်တို့ကိုပါ ထည့်သွင်း စဉ်းစား တွက်ချက်ခြင်း ဖြစ်သည်။ ထိုမျှသာမက လက်ရှိရေလျှံနေသော နေရာများကို ရေလျှံမှုနည်းနိုင်သမျှ နည်းအောင် ရည်မှန်းချက်ထားသည်။

 အတိတ်ကာလက စင်ကာပူမြစ်

ယခုခေတ် စင်ကာပူမြစ်

စင်ကာပူမြစ်သည်ကား ရေကြောင်းသွားလာရေးအတွက်၊ စီးပွားရေးအတွက် အထူးအရေးပါသော မြစ်ဖြစ်၏။ သို့သော် မြစ်ကမ်းနဖူးရှိ စီးပွားရေးလုပ်ငန်းများကြောင့် မြစ်ရေမှာ အလွန်ညစ်ပတ်လာခဲ့ရာ ၁၉၈၇ ခုနှစ်များတွင် မြစ်ရေသန့်ရှင်းရေး အတွက် အေဂျင်စီများစွာတို့က ၁၀ နှစ်ကြာအောင် ရှင်းယူခဲ့ရသည်။
ယနေ့တွင်မူ စင်ကာပူမြစ်သည်  အပန်းဖြေရေးအတွက်ရော ယဉ်ကျေးမှုအတွက်ပါ အရေးပါသော မြစ်တစ်ခု ဖြစ်နေပြီ။ ထိုမြစ်သည်ကား မရီနာရေကန်ကြီး (Marina Reservoir) အတွင်း စီးဝင်နေသော မြစ်ငါးသွယ်အနက် တစ်ခုအပါအ၀င် ဖြစ်သည်။ (အဘယ်ကြောင့် မရီနာရေကန်အကြောင်း အရေးတကြီး ထည့်ပြောရပါသနည်း ဟူမူ မရီနာရေကန်သည်ကား ယနေ့ စင်ကာပူနေ လူအပေါင်းကို သောက်သုံးရေ ထောက်ပံ့ပေးနေသော အဓိကရေအရင်းအမြစ်တွင် တစ်ခုအပါအ၀င် ဖြစ်နေသောကြောင့် ဖြစ်ပါ၏။ ဤကား စကားချပ်)
 ဂေလမ်းမြစ်



ဂေလမ်း (Geylang) နှင့် တန်ဂျွန်ကတောင်း (Tanjong Katong) ဧရိယာများမှ စီးဝင်လာသမျှသော မိုးရေများကို ဂေလမ်းမြစ် က တာဝန်ယူလက်ခံပေးသည်။ ရေလျှံမှုအတွက်ရော၊ ရေစီးရေလာကောင်းရေးအတွက်ပါ ဂေလမ်းမြစ် ကိုပြန်လည်ပြုပြင်ရာတွင် PUB သည် စင်ကာပူဒေါ်လာ ၄၁ သန်း သုံးစွဲခဲ့သည်။   
Pasir Ris and Tampines New Towns တို့မှ စီးဝင်လာသမျှ ရေကို Sungei Api Api မြစ်က တာဝန်ယူ လက်ခံရှင်းထုတ်ပေး သည်။ သည်မြစ်ကိုလည်း PUB က တော်တော်ပြန်ပြုပြင်ထားသည်။ သဘာဝပတ်ဝန်းကျင်အတိုင်း ဖြစ်နေစေရန် မြို့ပြတောနက် (urban jungle) ဖန်တီးခြင်း၊ ကမ်းနဖူးများတွင် သင့်တော်သော သစ်ပင်များ စိုက်ခြင်း၊ မြစ်အတွင်း အမြဲရေရှိနေရန် အနိမ့်ဆုံး ဒီရေမှတ်အောက် ၂ မီတာ ထိ မြစ်ကိုတူးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။  စင်ကာပူတွင် ရေအလှဆင်ခြင်း (waterscape)၊ မြေအလှဆင်ခြင်း (landscape) တို့ကို ပထမဆုံးစတင် ပြုလုပ်ခဲ့သော မြစ်လည်း ဖြစ်သည်။
မုတ်သုံရာသီရှိသည့်အပြင် ပင်လယ်များ ၀ိုင်းရံထားသည်ဖြစ်ရာ စင်ကာပူကား မိုးအလွန်ရွာသော နိုင်ငံဖြစ်ပါသည်။ နှစ်စဉ် မိုးရေချိန် ၂၄၀၀ မီလီမီတာ (၉၄.၅ လက်မ) ရှိ၏။ မနည်းလှပါ။ (ကြားဖြတ်၍ ဗဟုသုတအနေနှင့်ပြောရလျှင် မြန်မာနိုင်ငံ မိုးရေချိန်လက်မမှာ တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လက်မ ၂၀၀၊ ဧရာဝတီ၊ ရန်ကုန် စသည်တို့တွင် ၈၀ မှ ၁၂၀၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည်တို့တွင် ၅၀ မှ ၁၂၀၊ အလယ်ပိုင်းတွင် လက်မ ၃၀ စသဖြင့် ဖြစ်ပါသည်။ မိုးရွာသွန်းမှု အခြေအနေကို မြန်မာပြည်နှင့် စင်ကာပူ နှိုင်းယှဉ်နိုင်ရန် ဖြစ်ပါ၏။)
၁၉၇၃ ခုနှစ်မှစတင်ကာ စင်ကာပူတွင် ရေမြောင်း၊ တူးမြောင်းများ ဖောက်လုပ်ခြင်း၊ မြစ်များကို ပြန်လည်ပြုပြင်ခြင်းတို့အတွက် သုံးစွဲငွေမှာ ယခုဆိုလျှင် စင်ကာပူဒေါ်လာ ၂ ဘီလျံ (သန်းပေါင်း နှစ်ထောင်) ကျော်သွားပြီ ဖြစ်ပါသည်။ ဤကဲ့သို့သော PUB ၏ ကြိုးပမ်းအားထုတ်မှုများကြောင့်  ၁၉၇၀ ခုနှစ်များက စင်ကာပူတွင် ရေလျှံဧရိယာ ဟက်တာ ၃၂၀၀ (ဧက ၇၉၀၀) ရှိခဲ့ရာမှ ယခုဆိုလျှင် ၅၆ ဟက်တာ (၁၃၈ ဧက) ထိ လျှော့ချနိုင်ခဲ့ပါသည်။ သို့တိုင် PUB အနေနှင့် ထိုဧရိယာမှ ရေလျှံမှုများကိုပါ လျှော့ချသွားရန် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ရေလျှံဧရိယာကို ဟက်တာ ၄၀ ထိ လျှော့ချရန် ရည်မှန်းထားပါသည်။  
ရေမြောင်းများကို စနစ်တကျ ဖောက်လုပ်ခြင်းသည်ကား ကျွန်တော်တို့ မြန်မာများ မကြာခဏ ပြောဆိုမှီငြမ်းပြုနေသော စကားပုံဖြစ်သည့် သားရွှေအိုးထမ်းလာသည့်ကိန်း ကို လက်တွေ့အကောင်အထည် ဖော်နေခြင်းပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရေမြောင်းများကို စနစ်တကျဖောက်လိုက်ခြင်းဖြင့် ရေလျှံခြင်းကိုလည်း ကာကွယ်နိုင်သည်။ ထို့ထက် သဘာဝမှ ပေးလာသောမိုးရေများကို အလဟဿ လွှင့်မပစ်ဘဲ သောက်သုံးရေအဖြစ် အကျိုးရှိစွာ ပြန်လည် အသုံးချနိုင် သောကြောင့် ဖြစ်ပါသည်။ မိုးရေကို သောက်သုံးရေအဖြစ် ပြန်လည်အသုံးချသော ကမ္ဘာ့နိုင်ငံအနည်းငယ်တွင် စင်ကာပူသည် ထိပ်ဆုံးက ပါ၏။  
၂၀၀၇ ခုနှစ်မှစကာ PUB သည် ABC Water Programme (Active, Beautiful, Clean Water) ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ စင်ကာပူရှိ ရေမြောင်း၊ တူးမြောင်း၊ မြစ်၊ ရေကန်များအတွင်းမှ ရေအားလုံးကို သန့်ရှင်းစေရန် နှင့် လှပစေရန် ဖြစ်၏။ နောင်လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အကောင်အထည်ဖော်ရန် စီမံကိန်းပေါင်း ၁၀၀ ကျော်ရှိသည်။ ထိုစီမံကိန်းများအနက် စီမံကိန်း ၂၀ ကို ၂၀၁၂ တွင် စတင်အကောင်အထည်ဖော်မည်။ ထိုစီမံကိန်းများ၏ ရည်ရွယ်ချက်မှာ စင်ကာပူကို City of Gardens and Water (ဥယျာဉ်များနှင့် ရေတို့၏ မြို့တော်) အဖြစ် ပြောင်းလဲရန် ဖြစ်ပါသည်။ အလွန် လှပသော ရည်ရွယ်ချက်ဖြစ်ပါ၏။
(၃) ရေလျှံခြင်း စီမံခန့်ခွဲရေး ဗျူဟာများ
ရေလျှံခြင်းအတွက် PUB က ချမှတ်အကောင်အထည်ဖော်နေသော အဓိလုပ်ငန်းကြီး သုံးရပ်ရှိ၏။
၁။ အသစ်အသစ်သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုံလောက်သော ရေနှုတ်မြောင်းများကို ကြိုတင် ဖောက်လုပ်ထားရေး
အိမ်ယာဖွံ့ဖြိုးရေး အဖွဲ့ HDB (Housing Development Board)၊ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ LTA (Land Transport Authority) တို့နှင့် ပူးပေါင်းကာ PUB သည် အသစ်တိုးလာမည့် အိမ်ယာများ၊ လမ်းများအတွက် လုံလောက်သော ရေမြောင်းများ ဖောက်လုပ်ရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိ၏။ ပမာအားဖြင့် အသစ်ဖောက်လုပ် လိုက်သော လမ်းများတွင် ရေမလျှံစေရန် လိုအပ်သော ရေမြောင်းများ အရွယ်အစားကို တိုင်းတာတွက်ချက်ကာ လမ်းဘေး တစ်လျှောက် ဖောက်လုပ်ပေးခြင်းဖြစ်၏။
၂။ ရေလျှံခြင်းကာကွယ်ရေးနည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်ခြင်း
Code of Practice ကို ကျွန်တော် ဘယ်လိုဘာသာပြန်ရမှန်း မသိပါ။ Code of Practice ဟူသည်ကား ပြဌာန်းထားသော ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ အတိုင်းအတာ တွက်ချက်မှုများ ဖြစ်၏။ ဥပမာပြရလျှင် ဥပဒေက ဒါ လုပ်ပါဟုပဲ  ဆိုလိုက်သည်။ ဘယ်လိုလုပ်ပါ ဆိုတာမပါ။ ဘယ်လိုလုပ်ပါ ဆိုတာကို Code of Practice က အတိအကျ ညွှန်ပြသည်။ သို့အတွက် Code of Practice သည် ဥပဒေပင် မဟုတ်ငြားသော် လည်း ဥပဒေကဲ့သို့ပင် အရေးပါသည်။ Code of Practice ကို မလိုက်နာပါက ဥပဒေတွင် ပြဌာန်းထားသော ဒါဏ်ငွေ တပ်ရိုက်လို့ရသည်။
ရေလျှံခြင်းကာကွယ်ရေးအတွက် စည်းကမ်း၊ နည်းလမ်းများ (Code of Practice on Surface Water Drainage) ဖြင့် အတိ အကျ ပြဌာန်းထားပါသည်။ ရေမြောင်းပဲကွာ ဆိုပြီး ရမ်းဖောက်လိုက်လို့မရ။ ဤစာအုပ်က ညွှန်ပြထားသည့်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရ၏။ အိမ်ဟောင်းများအတွက်မူ PUB က ရေလျှံခြင်းကို ကာကွယ်ရန် ဘယ်လိုလုပ်ပါဟု အကြံဉာဏ်များ ပေးပါသည်။
မှတ်ချက်။            ။ စင်ကာပူ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရန် ပြဌာန်းထားသော Code of Practice များ တော်တော်များများ ရှိပါ၏။ တကယ့် ကျွမ်းကျင်ပညာရှင်များ၊ ၀ါရင့်အင်ဂျင်နီယာကြီးများ၊ ပါမောက္ခကြီးများ ပါဝင်ရေးသား ထားခြင်း ဖြစ်သဖြင့် အလွန်တန်ဖိုးရှိလှသော စာအုပ်များဖြစ်ပါသည်။ အင်ဂျင်နီယာများ လက်စွဲထားရမည့် စာအုပ်များ ဖြစ်ပါ သည်။ သာမန် စာဖတ်ပရိသတ်အတွက် အသုံးတည့်မည်မဟုတ်ပါ။ စင်ကာပူမှ Code of Practice များအကြောင်း မိတ်ဆက် ဆောင်းပါးရှည်တစ်ပုဒ် ရေးပါဦးမည်။ Code of Practice on Surface Water Drainage ကို PUB website တွင် အခမဲ့ download လုပ်လို့ရပါသည်။ အခက်အခဲရှိသူများ လိုချင်လျှင် ကျွန်တော့်ဆီ email (y_nyein@yahoo.com.sg) ပစ်လိုက်ပါ။ ကျွန်တော်ပို့ပေးပါမည်။
၃။ ရေလျှံဒေသများတွင် ရေမြောင်းများကို အမြဲတိုးတက်နေအောင် ဆောင်ရွက်နေရန်
ဤတွင် ရေမြောင်းများကို ချဲ့ခြင်း၊ ပိုနက်အောင်တူးခြင်း စသည်တို့ ပါပါသည်။ ထို့ပြင် အနိမ့်ပိုင်းဒေသများအတွက် အထူး စဉ်းစားရသည်။ LTA နှင့် ညှိနှိုင်းကာ လမ်းမျက်နှာပြင်များကို မြှင့်ခြင်း၊ လမ်းဘေးမြောင်းများ ဒီဇိုင်းကို ပြန်လည် ပြုပြင်ခြင်း စသည်တို့လည်း ပါပါသည်။ ထင်ရှားသော ဥပမာမှာ မကြာမီနှစ်များက အကြီးအကျယ်ရေလျှံခဲ့သော Orchard လမ်းများကို လမ်းမျက်နှာပြင် မြင့်လိုက်ခြင်း ဖြစ်ပါသည်။ PUB သည်ကား ရေလျှံမှုအတွက် ရေမြောင်းများစနစ်ကို အမြဲ ပြန်လည်သုံးသပ် ကာ ပိုမိုကောင်းမွန်သော ဒီဇိုင်းများဖြင့် အစားထိုး ဆောင်ရွက်လျှက် ရှိ၏။
(၄)  ရေမြောင်းဒီဇိုင်း
ရေမြောင်းဆိုတိုင်း လွယ်လွယ်လေးပြီးစလွယ် ကောက်ဖောက်တာမဟုတ်။ ရေမြောင်းဖောက်ရန် PUB သည် စင်ကာပူ၏ မြေ အနိမ့်အမြင့်ကွန်တိုမြေပုံ၊ ရွာသွန်းသော မိုးရေချိန်လက်မ၊ ရေ၀င်ဧရိယာ စသည်တို့ကို စနစ်တကျ စာရင်းကောက်၊ တိုင်းတာ ပြီးမှ ရေမြောင်းကို မည်ကဲ့သို့ဖောက်မည် ဒီဇိုင်းဆွဲခြင်း ဖြစ်၏။
ရေမြောင်းအတွက် အဓိက အရေးတကြီးစဉ်းစားရမည့် အချက် ၃ ချက်ရှိ၏။
၁။ ရေမြောင်းအတွင်း စီးဝင်လာမည့် ရေပမာဏ
၂။  မိုးရွာသွန်းမှုသမိုင်း (နှစ်အလိုက် မိုးရေချိန်လက်မ)၊ မိုးအနည်းအများ
၃။ မြေမျက်နှာသွင်ပြင် အနေအထား
သည်ရေမြောင်းသည် မည်သည့်ဧရိယာနှင့်ဆိုင်သည်။ ဧရိယာအကျယ် မည်မျှမှ ရေထုထည် မည်မျှစီးဝင်လာနိုင်သည်။ ထိုဧရိယာတွင် အဆောက်အဦ ဧရိယာမည်မျှ၊ မြက်ခင်းဧရိယာမည်မျှ၊ သစ်တောဧရိယာမည်မျှ၊ လမ်းဧရိယာမည်မျှ စသည် တို့ကို တိတိကျကျ စာရင်းကောက်ပြီးမှ မိုးအများဆုံးရွာသည့်အချိန်တွင် ရေထုထည်အများဆုံးး မည်မျှစီးဝင်လာမည် ဆိုသည် ကိုတွက်ချက်ခြင်း ဖြစ်ပါသည်။ စင်ကာပူမှ ရေနှင့်ပတ်သက်သည့် ဥပဒေစည်းမျဉ်းများ ဆောင်းပါး တွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
တွက်ရာတွင် ယခုရွာသော မိုးအတွက်သာမက နောင်နှစ်များတွင် ရွာနိုင်မည့် မိုးရေချိန်လက်မများကိုပါ ခန့်မှန်းတွက်ချက်ပြီး အများဆုံးစီးလာနိုင်မည့် ရေပမာဏအပေါ် ၁၅% ဆောင်းကာ ရေမြောင်းများအရွယ်ကို တွက်ချက်ခြင်း ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ် ပြန်လည်တွက်ချက်မှုများအရ လက်ရှိရေမြောင်းများအရွယ်အစားမှာ ရွာသည့်မိုးအတွက် ရေများကိုနိုင်နိုင်နင်းနင်း ထုတ်ရန် လုံလောက်သည်ဟု ဆိုပါသည်။
စင်ကာပူ ရေမြောင်းတစ်ခု


(၅) ရေမြောင်းများအား ထိန်းသိမ်းရေး

ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်တော်တို့တိုင်းပြည်တွင် ထိန်းသိမ်းရေးဆိုတာကို မည်သူမျှ အလေးမပြု၊ ဂရုမစိုက်ခြင်း ဖြစ်သည်။ မပြုပြင်၊ မထိန်းသိမ်းသည့်အတွက် မပျက်တန်တာများ ပျက်ရသည်။ ပျက်အစဉ်၊ ပြင်ခဏ ဆိုတာကို စာထဲမှာပဲ ထားသည်။ လက်တွေ့မလိုက်နာ။ အဲလေ၊ ပိုက်ဆံမရှိတာလည်း ပါမှာပေါ့။ အစိုးရပိုင် အဆောက်အဦ၊ လမ်း တံတားများ အတွက် ပြင်ဆင် ထိန်းသိမ်းစရိတ် ချထားပေး၊ မပေးဆိုသည်ကို ကျွန်တော်မသိပါ။ တကယ်ချထားပေးတော့ကော အဲဒီ ပိုက်ဆံအားလုံးကို ပြင်ဆင်ထိန်းသိမ်းတဲ့နေရာမှာ သုံးသလားဟု မေးစရာရှိပါသည်။ ကျွန်တော်မြင်သလောက်တော့ ဘာကိုမှ ပြင်ဆင် ထိန်းသိမ်းတာမရှိပါ။ ယုတ်စွအဆုံး၊ မိမိစီးနေသော စက်ဘီးကိုတောင် ပျက်လို့စီးမရတော့မှ ဆိုင်သွားပြင်တာ ဖြစ်သည်။

သည်အတိုင်းပင် အင်ဂျင်ကိုသုံးစွဲနေသူများသည်လည်း ထိန်းသိမ်းဘို့ ဆိုတာမသိ။ ပျက်တော့မှ စက်ဆရာကို ဈေးကြီးကြီး ပေးခေါ်ပြင်ရသည်။ အနို့၊ ထိန်းသိမ်းရအောင်လည်း စက်အကြောင်းနားမလည်။ သည်စက်ကို မည်ကဲ့သို့ ထိန်းသိမ်းရမည် ဟု သင်ပေးသူများ၊ သင်တန်းကျောင်းများရော ရှိပါသလား။ ရှိသည့်တိုင် ဤသင်တန်းများကို တက်သင့်သည်ဟု သဘောပေါက်သူ ဘယ်နှယောက်ရှိမည်နည်း။

တန်ဖိုးကြီး စက်ကြီးများ၊ အဆောက်အဦများသော်မှ မထိန်းသိမ်းတာ။ လမ်းဘေးမြောင်းတွေဆိုတာ ဝေးစွ။ အဲလေ၊ အစပိုင်းမှာ ကျွန်တော်ပြောခဲ့သလို နာနတ်တောလမ်းမှ ရေမြောင်းဖော်သလိုမျိုးတော့ လုပ်ချင်လုပ်မည်။ သို့သော် ကျိုးပျက် နေသော ရေမြောင်းများကို ပြန်လည်ပြင်ပါသလော။ ရေလျှံနေသော ရေမြောင်းများကို အရေးတယူလုပ်ကာ ပြန်လည် ဒီဇိုင်းဆွဲ ပြင်ဆင်ပါသလော ဆိုသည်ကို မေးခွန်းထုတ်ရန် ရှိပါသည်။ ငါတို့ပြင်ချင်ပေမဲ့ ဘတ်ဂျက်မချပေးဘူးကွာ ဆိုလျှင်တော့လည်း မပြောတတ်ပါ။ ဤသည်လည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်လျှောက်ခဲ့သမျှ ရန်ကုန်မှ ပလက်ဖောင်း တော်တော်များများကတော့ ချိုကျိုး၊ နားရွက်ပဲ့များ ဖြစ်ပါသည်။

စင်ကာပူတွင် လမ်းဘေးရေမြောင်းအရှည် ကီလို ၇၀၀၀ ကျော်၊ တူးမြောင်းများအရှည် ကီလို ၁၀၀၀ ကျော်ရှိ၏။ ထိုရေမြောင်း၊ တူးမြောင်းအားလုံးကို အမြဲသန့်ရှင်းနေစေရန်၊ အမှိုက်များ ပိတ်ဆို့မနေစေရန်၊ သတ်မှတ်ထားသော စံချိန်စံညွန်းများအတိုင်း ရှိနေစေရန် PUB သည် အမှိုက်များ စုဆောင်းရေး၊ ရှင်းလင်းရေး စနစ်ကို ကျကျနန လုပ်ထားသည်။ ထိုအထဲတွင် အမှိုက်စစ် ဆန်ကာများ၊ ရေပေါ်အမှိုက်စစ် ဘောများ၊ အဆင့်ဆင့် အမှိုက်စု ဆန်ကာများ၊ အမှိုက်စုကန်များ စသည်တို့ပါင်သည်။
 

ကားလမ်းပေါ်မှ ရေနှုတ်မြောင်းအတွင်း စီးဝင်သည့်နေရာကို ဆန်ကာဖြင့် ဖုံးထားပုံ

ရေမြောင်းများသန့်ရှင်းရန် အမှိုက်ကောက်ခြင်း၊ အသေးစားပြုပြင်ခြင်း စသည်တို့အတွက် စင်ကာပူ တစ်နိုင်ငံလုံးရှိ ရေမြောင်းများ ကို ကန်ထရိုက်ပေးထားသည်။ PUB မှ ကန်ထရိုက်ရထားသူများမှာ အနောက်ပိုင်းအတွက် Kim Bock Contractor Pte Ltd၊ အရှေ့ပိုင်းအတွက် Lian Shing Construction Co. Pte Ltd၊ အလယ်ပိုင်းအတွက် Neo Lian Poh Construction Pte Ltd တို့ဖြစ်၏။ ကန်ထရိုက်သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ ကီလို ၇၀၀၀ ကျော် ရေမြောင်းတွေ ရှင်းဘို့ ကန်ထရိုက်ရပြီ ဆိုပြီး ပေါ့မနေပါနှင့်။ PUB မှ လာစစ်သည့်အခါ သူတို့သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် မညီပါက (အမှိုက်များရှင်းမထားပါက) ဒါဏ်ရိုက်သည့်အနေနှင့် သူတို့ကို ပေးချေရမည့် ငွေပမာဏ ၏ ၂၀ % ကို လျှော့ပေးမည် ဖြစ်ပါ၏။
ရေမြောင်းအတွင်း ရေညှိစသော အမှိုက်များရှင်းနေပုံ


ကားလမ်းမှ ရေမြောင်းအတွင်း အ၀င်ဆန်ကာများကို ရှင်းလင်းနေစဉ်

ရေကန်အတွင်းမှ အမှိုက်များကို ရှင်းနေစဉ်

ရေမြောင်းများသန့်ရှင်းရေးကို အများပြည်သူများပါ ၀ိုင်းကြ၀န်းကြရန် တိုက်တွန်းပါသည်။ အကယ်၍ ရေမြောင်းတစ်ခုခုသည် အမှိုက်များဖြင့် ပိတ်ဆို့နေသည်ဖြစ်အံ့။ ၂၄ နာရီဖွင့်ထားသော ဖုံးနံပတ် ၁၈၀၀-၂၈၄၆၆၀၀ သို့ အကြောင်းကြားနိုင်ပါသည်။
(၆) ရေမြောင်းဒီဇိုင်းရေးဆွဲခြင်းနှင့် ရေလျှံမှုကိုကာကွယ်ရန်အတွက် ကျွမ်းကျင်သူများအဖွဲ့ ဖွဲ့စည်းခြင်း
သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာနသည် ရေမြောင်းဒီဇိုင်းရေးဆွဲခြင်းနှင့် ရေလျှံမှုကိုကာကွယ်ရန်အတွက် ကျွမ်းကျင်သူများအဖွဲ့ ကို ၂၀၁၁ ဇွန်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ ဥက္ကဌမှာ စင်ကာပူအမျိုးသားတက္ကသိုလ်၊ အင်ဂျင်နီယာကျောင်း၊ ပါမောက္ခချုပ် ဖြစ်သည်။ အဖွဲ့ဝင်များတွင် အများပြည်သူအဖွဲ့၊ ပုဂ္ဂလိက အဖွဲ့များမှ ပညာရှင်များ ပါသည်။ များသောအားဖြင့် မြို့ပြအင်ဂျင်နီယာနယ်၊ သဘာဝသိပံ္ပနယ်၊ ရေကြီးရေလျှံမှုနယ် များမှ ဖြစ်၏။
အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦီးပါသည်။ စင်ကာပူမှ ၆ ဦး၊ ဟောင်ကောင်မှ တစ်ဦး၊ ဂျပန်မှ တစ်ဦး၊ နယ်သာလင်မှ တစ်ဦး၊ UK မှ တစ်ဦး၊ အမေရိကန်မှ ၂ ဦးပါသည်။
သူတို့လုပ်ရမည်မှာ လက်ရှိစင်ကာပူမှ ရေမြောင်းများ တည်ဆောက်မှု၊ ရေလျှံသည့်ဒေသများ၏ မြေမျက်နှာသွင်ပြင် အနေအထား၊ ရာသီဥတု ပြောင်းလဲမှု ပုံစံ၊ လက်ရှိနှင့် အနာဂတ်တွင် တည်ဆောက်မည့် အဆောက်အဦစီမံချက်များ၊ သတင်း အချက်အလက် ရရှိမှု၊ နည်းပညာအသစ်များနှင့် ရေလျှံမှုကို ဖြေရှင်းနိုင်ချေ စသည်တို့ ဖြစ်၏။
၎င်းတို့လေ့လာဆန်းစစ်ရန် ၆ လ ကြာမည်။ သည်အတွင်း စင်ကာပူတွင် ဆွေးနွေးပွဲ  ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်မည်။
(၇) ရေအမြင့်တိုင်း ကိရိယာများ (Water Level Sensors) တပ်ဆင်ခြင်း
PUB သည် စင်ကာပူ မည်သည့်နေရာ၌ ရေမည်မျှလျှံနေသည်ကို အချိန်မရွေးသိနိုင်ရန် Water Level Sensor များ နိုင်ငံအ၀ှမ်း တပ်ဆင်ထား၏။ စင်ကာပူတစ်ဝှမ်း Water Level Sensor စုစုပေါင်း ၉၃ လုံးရှိ၏။ ယခု ၂၀၁၁ နှစ်ကုန်လျှင်  အလုံး ၁၅၀ ထိ တိုးချဲ့ တပ်ဆင်သွားမည် ဖြစ်သည်။ တပ်ဆင်ထားသော နေရာများမှာ အောက်ပါအတိုင်း ဖြစ်၏။


(၈) sms alert (sms = short message system)

စင်ကာပူတွင် ချစ်စရာကောင်းသော နောက်ဓလေ့တစ်ခုမှာ sms alert ဖြစ်၏။ ဆိုကြပါစို့။ သင်သည် ဆေးခန်းသွားရန် ရက်ချိန်းယူထားသည် ဆိုလျှင် ထိုရက်မတိုင်မီ ၄ ရက်ခန့်အလိုတွင် ဆေးခန်းမှ sms လှမ်းပို့ကာ အကြောင်းကြားပါသည်။

(sms ဆိုသည်မှာ သင်၏လက်ကိုင်ဖုံးကို အသုံးပြုကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စာတိုလေးများရေးကြခြင်း ဖြစ်၏။)

သင်သည် ဘဏ်၊ IRAS (စင်ကာပူ အခွန်ရုံး) စသည်တို့သို့သွားကာ တန်းစီတိုကင် ယူထားသည် ဆိုပါစို့။ သူတို့ကို မိမိဖုံးနံပတ်ပေးခဲ့ပါ။ နောက်ပြီး ငါ့ ခေါ်တော့မလား၊ ငါ့နာမည်များ ကျော်သွားပြီလား ဟု လည်ပင်း တရှည်ရှည်နှင့်၊ စိုးတထိတ်ထိတ်နှင့် စောင့်နေစရာမလိုပဲ ဟိုဟိုသည်သည် လျှောက်သွားကာ ငေးမော တွေးတောနေနိုင်သည်။  Mall နှင့်နီးလျှင် window shopping လုပ်နိုင်သည်။ မိမိအလှည့်ရောက်ရန် သုံးလေးယောက်လောက် အလိုတွင် သူတို့က sms ပို့ကာ လှမ်းအကြောင်းကြားသည်။ သည်တော့မှ သွားလိုက်ရုံဖြစ်၏။ ထို့ပြင် ဘဏ်များသို့သွားလျှင်လည်း sms alert လုပ်ခိုင်းလို့ရပါသည်။

ထို့အတူ ရေလျှံမည့်သတိပေးချက်ကိုလည်း sms alert လုပ်ရန် လျှောက်ထားလို့ရပါသည်။ သည်သို့လျှောက်ထားလျှင် မိုးရွာလာသည်နှင့် ဘယ်မြောင်းကတော့ ရေ တစ်ဝက်ပြည့်နေပြီ။ ရေမြောင်းရဲ့ ၄ ပုံ ၃ ပုံရောက်လာပြီ။ ရေမြောင်းရဲ့ ၉၀ ရာနှုံးပြည့်နေပြီ။ ပစ္စည်းတွေ ရေလွတ်ရာတင်တော့ ဟူသည့် sms သတိပေးချက်များကို လက်ခံရရှိမည် ဖြစ်ပါသည်။ မိမိ၏ နာမည်၊ မှတ်ပုံတင်နံပတ်၊ နေရပ်ဒေသ၊ email, လက်ကိုင်ဖုံးနံပါတ်၊ စာပို့သင်္ကေတ စသည်တို့ကို ဖော်ပြ လျှောက်ထားနိုင် ပါသည်။  

(၉) ရေမြောင်းဖောက်လုပ်ခြင်းအတွက် မှီငြမ်းကိုးကားရမည့် စာအုပ်စာတမ်းများ

၁။ Standard Specification for Drainage Work

ရေမြောင်းများ ဖောက်လုပ်ရာတွင် မည်သည့်အချက်များနှင့် ပြည့်စုံရမည်ကို ညွှန်ပြသည့်စာအုပ်ဖြစ်၏။ PUB website မှ အခမဲ့ download လုပ်ယူနိုင်ပါသည်။


၂။ CIJC-PUB Guide Book (3rd Edition)

ဤစာအုပ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများမှ ထွက်လာသော ရေများအား အများပြည်သူ ရေမြောင်းများအတွင်း စွန့်ပစ်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အသေးစိတ်ညွှန်ပြထား၏။


၃။ Code of Practice on Surface Water Darinage

ရေမြောင်းဖောက်ရာတွင် အဓိက လက်ကိုင်ထားရမည်မှာ ဤစာအုပ် ဖြစ်သတည်း။ ဤစာအုပ်တွင် အပိုင်း ၃ ပိုင်းပါသည်။

Part I - Planning Requirements

Part II - Design Requirements

Part III - Completion of Drainage Works - တို့ဖြစ်၏။ ရေမြောင်းဖောက်ရာတွင် မည်ကဲ့သို့ တွက်ရမည်။ မည်သည့်အချက်များကို လိုက်နာရမည် စသည်တို့ကို ပုံများနှင့်တကွ ဖော်ပြထားပါသည်။ အင်ဂျင်နီယာမဟုတ်သူများကို အားနာရမည် ဖြစ်သည့်အတွက် ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလိုသူ အင်ဂျင်နီယာများ စာအုပ်ကို download လုပ်ကာ ဖတ်ကြပါခင်ဗျား။

၎။ Code of Practice on Sewerage and Sanitary Works

ဤစာအုပ်ကား ရေဆိုးထုတ်မြောင်းများနှင့် ပတ်သက်၏။ ရေမြောင်းများနှင့် တိုက်ရိုက်မပတ်သက်သော်ငြားလည်း အချို့ အချက်များမှီငြမ်းနိုင်ရန် ဆက်စပ်ပေးထားခြင်း ဖြစ်ပါသည်။

၅။ Singapore Standard CP 48 : Code of Practice for Water Services

ရေနှင့်၊ ရေပိုက်များနှင့် လုပ်ကိုင်စားသူတို့အဖို့ ဤစာအုပ်ကား အလွန်အရေးကြီးသတည်း။

၃၊ ၄၊ ၅ စာအုပ်များကို အောက်ပါ link တွင် download လုပ်ယူနိုင်ပါသည်။

(၁၀) နိဂုံး

အထက်ပါ ဆောင်းပါးကိုကြည့်ခြင်းဖြင့် စင်ကာပူအစိုးရသည် ရေလျှံခြင်းအား မည်မျှအလေးထားသနည်း ဆိုသည်ကို တွေ့နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ရေလျှံလျှင် ပျက်စီးမည့်တန်ဘိုး၊ ပေးဆပ်လိုက်ရမည့် အသက်များနှင့် ရေလျှံမှုနှင့် အတူ ပူးတွဲပါလာမည့် ရောဂါဘယများ၏ အန္တရာယ်ကို ကောင်းစွာနားလည် သဘောပေါက်သောကြောင့် ဖြစ်၏။

သူတို့က နိုင်ငံကျဉ်းကျဉ်းလေး၊ နောက်ပြီး ချမ်းသာတော့ စိတ်ရှိလက်ရှိ လုပ်နိုင်မှာပေါ့ကွ။ ထိုင်းမှာ အခုဖြစ်နေတဲ့ ရေဘေးကျ ဘယ်လိုပြောမလဲ ဟု ကပ်ဖဲ့မပြောပါနှင့်။ ဒါက ဘယ်လိုမှ တားမရဆီးမနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်သည်။ သို့သော် ရွာသွန်းသည့်မိုးရေချိန်လက်မ၊ စီးလာမည့်ရေပမာဏ စသည်တို့ကို တိုင်းတာတွက်ချက်ကာ ကျွမ်းကျင်ပညာရှင်များထံ အကူအညီတောင်းပြီး မည်သို့ကာကွယ်မည်၊ ပြီး လက်တွေ့ဆောက်လုပ်မည်ဆိုလျှင် ရေလျှံမည့် ဘေးကို လျှော့ချနိုင်မည်။

 စနစ်တကျ အစီအမံများလုပ်လျှင် ရန်ကုန်၊ မန္တလေး၊ ပဲခူး စသော မြို့ကြီးများတွင် မိုးနည်းနည်းရွာသည်နှင့် လမ်းများ ရေလျှံ သည့်ကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်သည်။ နောက်ပြီး ထိုအလဟဿဖြစ်သွားမည့် မိုးရေများကို မြို့သူမြို့သားများ အတွက် ကောင်းကောင်းပြန်လည် အသုံးချနိုင်မည်။

စင်ကာပူကောင်းကြောင်းချည်း ချီးမွမ်းနေတာမဟုတ်။ သူများလုပ်ထားတာ အတုယူနိုင်အောင်၊ ငါတို့လည်း ဒီလိုလုပ်ရင် ဖြစ်တယ် ဟု အသိတရားရနိုင်အောင်၊ ထို့ထက် ခေတ်ပညာတတ် လူငယ်လူရွယ် အင်ဂျင်နီယာကလေးများအားလည်း သည်ကဲ့သို့သော ပညာရပ်များ ရှိသေးသည်။ တိုင်းပြည်တည်ဆောက်ရေးမှာ အသုံးချဘို့ ငါတို့ ဆည်းပူးလေ့လာသင့်သည် ဟု သတင်းပေးချင်တာ လည်း ပါပါသည်။

မြို့ပြအင်ဂျင်နီယာများတော့ သင်ချင်သင်ရပါလိမ့်မည်။ ကျွန်တော်က မြို့ပြသမားမဟုတ်တော့ သေသေချာချာမသိ။ သိတောင်မှ လက်တွေ့အသုံးချဘို့။ မိမိသိပြီးသားကို ပိုမိုတိုးတက်လာအောင် မပြတ်ဆည်းပူးလေ့လာနေဘို့ လိုပါသည်။ Technology Booming ခေါ်သော ယနေ့ခေတ်တွင် နည်းပညာများသည် နေ့စဉ်နှင့်အမျှ တီထွင်ဆန်းသစ်နေသည် ဖြစ်ရာ မိမိက အမီလိုက်နိုင်ရန် ကြိုးပမ်းရပါမည်။

ငယ်ငယ်က ကဗျာတစ်ပုဒ် ကျက်ခဲ့ဖူးပါသည်။ ကျောင်းမှာသင်တာလား။ ကိုယ့်ဟာကိုယ် ကူးကျက်တာလား မမှတ်မိတော့ပါ။ အကုန်လုံးမရတော့။ မှတ်မိနေသည့် အပိုဒ်မှာကား -

မိန်းမတွေ၊ အငြိမ်းမနေကြစမ်းပါနှင့်
အသွားအလာ၊ ခါးဗလချာမစုတ်ရအောင်
ကွယ် - အားထုတ်ဖို့ကောင်း ။         - ဟူ၏။


ကျွန်တော်ကမူ ခင်ဗျားတို့တတွေ၊ မှိန်းနေကြဘို့ အချိန်မဟုတ်တော့ပြီ။ ခုအချိန်မှ မပြောင်းလျှင် ဘယ်အချိန်သွား ပြောင်းတော့ မည်နည်း ဟုသာ တိုက်တွန်းချင်ပါသည်။



အားလုံးကို ကျေးဇူးတင်ပါသည်။



အေးငြိမ်း
22/10/2011, 12:41 am
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg

1 comment:

Anonymous said...

really good post.
thanks a lot