Sunday, October 23, 2011

စင်ကာပူ ရေဆိုးပြုပြင်ရေးစနစ်

Sewage ကို ရေဆိုးဟု ဘာသာပြန်ရမည်လား၊ မိလ္လာဟု ဘာသာပြန်ရမည်လား မဝေခွဲတတ်ပါ။ ရေဆိုးဆိုလျှင် ပိုသင့်တော်မည် ထင်ပါသည်။ အိမ်သာ၊ ရေချိုးခန်း စသည်တို့မှ စွန့်ပစ်လိုက်သော ရေဆိုး၊ ရေညစ်များဖြစ်၏။ ထိုရေကို နှစ်မျိုးထပ်ခွဲနိုင်သည်။ အိမ်သာမှ ထွက်လာသောရေကို Black Water ဟုခေါ်ပြီး ရေချိုးခန်း၊ မီးဖိုဆောင်များမှ စွန့်ပစ်လိုက်သော ရေကိုမူ Grey Water ဟု ခေါ်သည်။



စင်ကာပူတွင် သည်စွန့်ထုတ်ပစ်လိုက်သော ရေများကို လွှင့်မပစ်။ New Water အဖြစ်ပြန်သုံးကြောင်း စင်ကာပူ “ရေ” တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

သည်ရေဆိုးများတွင် ရောဂါပိုးများ လျှင်မြန်စွာ ပေါက်ဖွားနိုင်သဖြင့် အလွန်အန္တရာယ်များသည်။ သို့အတွက် ရေဆိုးများကို စနစ်တကျ စီမံခန့်ခွဲရေး (စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ စွန့်ပစ်ခြင်း) သည်လည်း အရေးကြီးပါသည်။


(၁) စင်ကာပူ၏ အတိတ်မှ ရေဆိုးပြုပြင်ရေးစနစ်


စင်ကာပူတွင် အိမ်သာအညစ်အကြေးများကိစ္စကို စတင်စဉ်းစားခဲ့သည်မှာ ၁၈၉၀ ခုနှစ်က ဖြစ်၏။ စည်ပင်အင်ဂျင်နီယာ လုပ်သူက သည်မစင်များကို အားလုံးစု၊ နောက်ပြီး ပင်လယ်ထဲသွားစွန့် ဟု ဆို၏။ အဘယ်ကြောင့် ဆိုသော် ထို အညစ်အကြေးများကို လူတို့က စိုက်ခင်းများတွင် သုံးလိုသုံး။ ချောင်းမြောင်းများအတွင်း စွန့်လိုစွန့် လုပ်ကြသောကြောင့် ဖြစ်၏။ သို့သော်လည်း သူ့တင်ပြချက် မအောင်မြင်ပါ။ ပင်လယ်ဒီရေများသည် စင်ကာပူနိုင်ငံအတွင်း ပြန်လည် စီးဝင်နေသော ကြောင့် ဖြစ်၏။

ထိုအင်ဂျင်နီယာ MacRitchie ကပင် ၁၈၉၃ ခုနှစ်ရောက်သော် နောက်ထပ် စီမံချက်တစ်မျိုးတင်ပြပြန်၏။ လူတို့၏ အညစ် အကြေးများကို စုဆောင်းကာ သန့်စင်စက်ရုံသို့ပို့ပြီး သန့်စင်ရန် ဖြစ်သည်။ ဤစီမံချက်ကို လက်ခံပြီး ကျောက်မီးသွေးဖြင့် မောင်းသော အညစ်အကြေး သန့်စင်စက်ကို ၁၈၉၈ တွင် တည်ဆောက်လည်ပတ်ခဲ့သည်။ ထိုစက်ရုံတွင် အညစ်အကြေး များကို အရည်ခန်းစေပြီး ကျန်သောအစိုင်အခဲများကို အမှုန့်ကြိတ်ကာ စိုက်ပျိုးရေးတွင် ပြန်သုံးစေခဲ့သည်။ သို့သော် ထိုစက်ကို လည်း ၁၉၀၄ တွင် ရပ်တန့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စက်လည်ပတ်ရန် ကုန်ကျစရိတ်ကြီးမားခြင်း၊ အနံ့ဆိုးများ ထွက်ခြင်း၊ ထိုစက်ရုံမှထွက်သော အမှုန့်များကို လယ်သမားများက မြေသြဇာအဖြစ် မသုံးလိုကြခြင်း တို့ကြောင့် ဖြစ်၏။

၁၉၁၁ တွင် နောက်စည်ပင်အင်ဂျင်နီယာတစ်ဦးဖြစ်သူ R.Peirce က နောက်စီမံချက်တစ်မျိုး တင်ပြပြန်သည်။ သူက စင်ကာပူ ကို ၃ ပိုင်းခွဲကာ ထိုအပိုင်းများမှ ရေဆိုးများကို ပိုက်လိုင်းများဖြင့်သွယ်ပြီး Alexandra Road ရှိရေဆိုးသန့်စင်စက်ရုံသို့ ပို့မည်။ ထိုကမှ ရေများကို စစ်ထုတ်ကာ စင်ကာပူမြစ် အတွင်း စွန့်မည် ဆို၏။ ထိုအစီအစဉ်ကို လက်ခံကာ ၁၉၁၂ တွင် စတင် အကောင်အထည်ဖော်ကြသည်။ ၁၉၁၅ မှ ၁၉၁၇ ထိ စီမံကိန်းကို ဖြည်းဖြည်းချင်း တိုးမြှင့်ခဲ့သည်။

သို့အတွက် ပထမဆုံးရေဆိုးပြုပြင်ရေးစနစ်ကို ၁၉၁၇ တွင် အောင်မြင်စွာ စတင်လည်ပတ်နိုင်ခဲ့၏။ ၁၉၃၀ တွင် စင်ကာပူ လူဦးရေလည်း သန်းတစ်ဝက်ထိ ရောက်လာပြီ။ လူများတော့ အညစ်အကြေးလည်း ပိုထွက်လာသည်။ မူလ စီမံချက်များနှင့် မလုံလောက်တော့။ သည်တော့ အင်ဂျင်နီယာများလည်း လက်ရှိစနစ်ကို တိုးမြှင့်ရန် အကြံပြုရပြန်၏။ အညစ်အကြေးများကို စုပြီး Kim Chuan Sewage Treament စက်သို့ပို့။ ထိုကမှ ထွက်လာသော အရည်စစ်ပြီးသား အညစ်အကြေးများကို Serangoon Sludge Treatment စက်ရုံပို့ကာ အခြောက်ခံ။

၁၉၃၀ လွန်ကာလ၊ စင်ကာပူကို ဂျပန်မသိမ်းမီကလေးတွင် ထိုစက်ရုံနှစ်ကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။ သို့သော်လည်း ဂျပန်သိမ်းလိုက်တော့ ကြိုးစားသမျှ အလကားဖြစ်သွား၏။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ထိုစက်ရုံများကိစ္စ မည်သူမှ စိတ်မ၀င်စားနိုင်တော့ပဲ သည်အတိုင်း ပစ်ထားလိုက်ရ၏။ စစ်လည်းပြီးရော စင်ကာပူလူဦးရေမှာ တစ်သန်းထိ တိုးလာ၏။ ထိုအခါ Alexandra မှ စက်ရုံမှာ မည်ကဲ့သို့မျှ နိုင်အောင် မလည်ပတ်နိုင်တော့။ ထို့ပြင် စက်ရုံပတ်လည်တွင်လည်း လူနေအိမ်များဖြင့် ပြည့်နှက်လာပြီ။ ထိုအခါ အစိုးရက သည်စက်ရုံကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ရတော့၏။ ထိုစက်ရုံအစား Ulu Pandan တွင် sewage treatment plant တစ်ခု ထပ်မံတည်ဆောက်သည်။ ထိုစက်ရုံပြီးသည်နှင့် Alexandra စက်ရုံကို လုံးဝဖျက်ပစ်လိုက်တော့သည်။

သို့တိုင် လူဦးရေမှာ ရပ်မနေ။ တိုးမြဲတိုးလာနေသည်ဖြစ်ရကား တိုးလာသည့် လူဦးရေနှင့်အညီ ရေဆိုးများ သုတ်သင်နိုင်ရန် ရေဆိုးပိုက်များ ထပ်မံတပ်ဆင်ခြင်း၊ ပန့်စက်ရုံများ တိုးချဲ့ဆောက်လုပ်ခြင်းတို့ကို ဆက်တိုက်လုပ်လာရတော့၏။ ၁၉၆၃ တွင် Kim Chuan Sewage Treatment Works စက်ရုံကို တိုးချဲ့တည်ဆောက်လိုက်သည်။
Ulu Pandan ရေဆိုးစက်ရုံဟောင်း
၁၉၆၀ ပြည့်လွန်နှစ်များတွင် အထပ်မြင့်အဆောက်အအုံများကို HDB (Housing Development Board) က တည်ဆောက် လာခဲ့သည်။ တစ်ပြိုင်နက်တည်းတွင်ပင် Queenstown, Ang Mo Kio town, Tampines, Bedok, Clementi စသည့် မြို့သစ် များ အလျှိုလျှိုပေါ်လာရာ ရေဆိုးများစွန့်ုထုတ်ရေးကိစ္စကိုလည်း ဆက်လက် တိုးချဲ့ဆောင်ရွက်လာရတော့၏။ ၁၉၇၉ မှ ၁၉၈၅ ခုနှစ်အတွင်းတွင် Bedok, Kranji, Seletar နှင့် Jurong Sewage Treatment စက်ရုံများကို တည်ဆောက်ခဲ့သည်။
၁၉၈၇ ဇန္န၀ါရီလ ၂၄ ရက်နေ့မှ စတင်ကာ ယခင်ကသုံးစွဲခဲ့သော ပုံးများဖြင့် မစင်စုခြင်းကို အဆုံးသတ်ခဲ့ပါသည်။ (ရန်ကုန်တွင် ကျွန်တော်ကျောင်းပြီး၍ နှစ်ကာလ အတန်ကြာသည့်တိုင် ထိုစနစ်ရှိပါသေးသည်။ မည်သည့်နှစ်က အဆုံးသတ်လိုက်သလဲ၊ ယခုတိုင် ဆက်ရှိနေသေးသလား ဆိုသည်ကို ကျွန်တော်မသိပါ။ ယခု မရှိတော့ဟု ထင်ပါသည်။ ဤကား စကားချပ်) ထိုအချိန်မှစကာ အိမ်များမှ အညစ်အကြေးများကို ရေဆိုးပိုက်များဖြင့် တိုက်ရိုက်ယူပြီး ရေဆိုးပြုပြင်ရေးစနစ်များသို့ ပို့ခဲ့ပါသည်။ ယနေ့ခေတ်တွင်မူ အိမ်ထောင်စု ၁၀၀% သည် ဤစနစ်အတိုင်း ရှိနေပြီ ဖြစ်ပါ၏။
မှတ်တမ်းတင်ရမည့် ပြောင်းလဲချက်ကား ၂၀၀၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစကာ လက်ရှိလည်ပတ်နေသော Bedok, Jurong, Kim Chuan, Kranji, Seletar နှင့် Ulu Pandan စက်ရုံများကို Water Reclamation Plants (WRP) ဟု နာမည်ပြောင်းလိုက် ခြင်း ဖြစ်ပါ၏။ ထိုစက်ရုံများမှ ရေဆိုးများကို ပြန်လည်သန့်စင်ကာ စက်မှုလုပ်ငန်းတွင် ပြန်လည်သုံးစွဲခဲ့သည်။ ထိုစက်ရုံများ အကြောင်း စင်ကာပူ ‘ရေ’ ဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

(၂) DTSS (Deep Tunnel Sewerage System) မြေနက် ရေဆိုးထုတ်လိုဏ် စနစ်

(ကျွန်တော်ဘာသာပြန်တာ အဆင်မပြေလျှင် ကိုယ့်ဟာကိုယ်နားလည်ပါဟု တောင်းပန်ပါသည်။)
အနာဂတ်တွင် တိုးလာမည့် လူဦးရေကို တွက်ချက်ကာ ထိုလူဦးရေအတွက် လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည့် ရေဆိုး ထုတ်စနစ်ကြီးကို ရေရှည်စီမံကိန်းဖြင့် ချမှတ် အကောင်အထည်ဖော်မည်။ ထိုစနစ်ကား DTSS ပင်ဖြစ်တော့၏။ စီမံကိန်းတန်ဖိုး မှာ စင်းဒေါ်လာ သန်းပေါင်း ၃၂၇၄ ဖြစ်၏။ (၃၂၇၄ x ၆၃၀ = မြန်မာငွေ ကျပ် သန်းပေါင်း ၂၀၆၂၆၂၀)
အခြားနိုင်ငံများနှင့်မတူစွာပင် စင်ကာပူနိုင်ငံ၌ ရေကိစ္စ အထူးအလေးထား စဉ်းစားရသည့်အတွက် မြေပြင် မြစ်ချောင်း၊ အင်းအိုင်များမှ ရေနှင့် အိမ်များမှ စွန့်ပစ်ရေများကို ခွဲထားရသည်။ သို့မှ သန့်စင်သောရေကို ပြည်သူအများသို့ ဖြန့်ဝေနိုင်မည်။
DTSS တွင် မြေနက်လိုဏ်ကြီး နှစ်ခုပါမည်။ ၎င်းတို့မှာ အရှည် ကီလို ၈၀ နှင့် ၁၇၀ အသီးသီးရှိပြီး ၎င်းတို့အတွင်းစီးဝင်မည့် ရေဆိုးပိုက်ငယ်များလည်း ပါဝင်သည်။ မြေနက်လိုဏ်ကြီးများမှာ မြေအောက် မီတာ ၅၀ အနက်တွင်ရှိမည်။ အချင်း ၆.၅ မီတာ (၂၁ ပေ) ထိရှိသည်။ ထိုလိုဏ်ကြီးများက ရေဆိုးများကို Centralized water reclamation plant နှစ်ခုသို့ပို့မည်။
အောက်တွင် ပုံများဖြင့် ရှင်းပြထားပါသည်။
စင်ကာပူတစ်နိုင်ငံလုံးကို ဆက်သွယ်ထားမည့် ရေဆိုးထုတ် ကွန်ယက်မြေပုံ
နောင်အနှစ် ၁၀၀ အတွင်း လိုအပ်လာမည့် စင်ကာပူရေဆိုးများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်အောင် PUB မှ DTSS project ကို ချမှတ် အကောင်အထည်ဖော်မည်။
မြေအောက် ၁၀ မီတာမှ မီတာ ၃၀ အနက်တွင် ဖောက်လုပ်မည့် ရေဆိုးကွန်ယက်ပိုက်လိုင်း။ ထိုပိုက်လိုင်းသည် လက်ရှိ ရေဆိုးပိုက်များနှင့် ဆက်သွယ်ကာ ရေဆိုးများကို အဓိက ရေဆိုးလိုဏ်ကြီးအတွင်း ပို့ပေးမည်။ ထိုပိုက်လိုင်းသည်ပင်လျှင် လူနှစ်ရပ်စာမျှ ကြီးသည်။
ထိုရေများကို အဓိက ရေဆိုးလိုဏ်ကြီးက လက်ခံယူကာ Changi Water Reclamation Plant သို့ပို့ပေးမည်။ လိုဏ်ကြီးမှာ လက်ရှိ MRT လိုဏ်ဂူများ၏ အောက်၊ မြေမျက်နှာပြင်မှ မီတာ ၂၀ မှ ၅၀ အထိ နက်မည်။ လိုဏ်ကြီးအရှည်မှာ ၄၈ ကီလိုမီတာ မျှရှိမည်။ ပိုက်ကြီးမှာ လူ ၄ ရပ်စာလောက်ကြီးသည်။
Changi Water Reclamation Plant သို့ရောက်လာသော ရေများကို ပန့်ကြီးများဖြင့် မောင်းတင်ပေးသည်။ ထိုပန့်ကြီးများကား အချင်း မီတာ ၃၀ ကျော်၊ အနက် မီတာ ၇၀ ကျော်တွင်ရှိ၏။ စင်ကာပူတွင်မတော့ မြေအောက် အနက်ဆုံး ပန့်ကြီးများပင် ဖြစ်ပါတော့၏။ သို့ဆိုလျှင် ဤ အညစ်အကြေးရေများကို မည်သို့ပြုပြင်သနည်း။ ပြုပြင်ပုံ အဆင့်ဆင့်ကို အောက်တွင် ပုံဖြင့် ရှင်းပြထားပါသည်။
စက်ရုံမှထွက်လာသော မလိုတော့သည့် ရေများကို မြေအောက် ပိုက်လိုင်းနှစ်ခုဖြင့် ပင်လယ်အတွင်း စွန့်ပစ်မည်။ ထိုမြေအောက် ရေထုတ် ပိုက်လိုင်းသည်ပင် အရှည် ၅ ကီလိုမီတာ ရှိ၏။


(၃) ရေဆိုးစနစ်အတွက် အစိုးရ အသုံးစရိတ်

စင်ကာပူတစ်နိုင်ငံလုံးတွင် တပ်ဆင်ထားသည့် ဟောင်းနေပြီဖြစ်သော ရေဆိုးပိုက်လိုင်းများ၊ ပန့်စက်ရုံများ စသည်တို့ကို စစ်ဆေးပြုပြင်ရန် ၂၀၀၂ ခုနှစ်တွင် အစိုးရမှ စင်ကာပူဒေါ်လာ ၄၆ သန်း သုံးစွဲခဲ့သည်။ ဤ စီမံကိန်းအားလုံးကို ၂၀၀၅ ခုနှစ် တွင် အပြီးသတ်ခဲ့၏။ နောက် ၃ နှစ်သက်တမ်းအတွက်လည်း ပန့်စက်ရုံ ၁၅ လုံးထပ်မံတည်ဆောက်ရန် စင်းဒေါ်လာ ၂၄ သန်း၊ Changi, Chua Chu Kang နှင့် Seletar Water Reclamation plant တို့အတွက် ရေဆိုးပိုက်လိုင်းအသစ်များ ဖောက်လုပ်ရန် စင်ကာပူဒေါ်လာ သန်း ၃၀ ထပ်မံ သုံးစွဲခဲ့သေးသည်။

(၄) ရေဆိုးထုတ်ခြင်း၊ ပြုပြင်ခြင်းဆိုင်ရာ ဥပဒေ၊  လုပ်ထုံးလုပ်နည်းများ

ရေဆိုးထုတ်ခြင်း၊ ပြုပြင်ခြင်း၊ အများပြည်သူပိုင် ရေမြောင်းများအတွင်းသို့ ရေဆိုးများ စွန့်ထုတ်ခြင်း၊ ပင်လယ်အတွင်း ရေဆိုးများ စွန့်ပစ်ခြင်း စသည့် ရေဆိုးနှင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှာ အောက်ပါတို့ဖြစ်ပါသည်။
1.     Sewerage and Drainage Act (SDA)

2.     Code of Practice on Sewerage and Sanitary Works
3.     Sewerage and Drainage (Trade Effluent) Regulations
4.     Environmental Protection and Management Act (EPMA)
5.     Environmental Protection and Management (Trade Effluent) Regulations
အချို့ Code of Practice, Regulation များကို download လုပ်ခွင့်မပေးပါ။ ထိုစာအုပ်များကို Spring Singapore တွင် ပိုက်ဆံပေး ၀ယ်နိုင်ပါသည်။ အောက်ပါ link သို့သွားပါ။ မိမိလိုရာစာအုပ်များကို စိတ်ကြိုက်ရွေးနိုင်ပါသည်။
Spring Singapore ဟူသည်ကား စင်ကာပူမှ စံနှုံးသတ်မှတ်ချက်များ အားလုံးကို ရိုက်နှိပ်ထုတ်ဝေနေသော အစိုးရအဖွဲ့တစ်ခု ဖြစ်ပါသည်။ သူတို့က စာအုပ်ရိုက်တာတင် မဟုတ်။ အခြားသော စံချိန်စံညွှန်းများကိုလည်း သတ်မှတ်ပေး၊ တိုင်းတာပေး၊ စစ်ဆေးပေး၊ စမ်းသပ်လည်း ပေးသေးပါသည်။ အင်ဂျင်နီယာများ သွားရောက်လည်ပတ်ကြည့်ရှု၊ ဖတ်မှတ်လေ့လာကြရန် တိုက်တွန်းပါသည်။
မိမိလိုချင်သော စာအုပ်ကို google search မှရိုက်ထည့်။ ရှာလို့ရလျှင် download လုပ်ယူ။ မရလျှင်တော့ အပေါင်းအသင်းများ ထံမှာ လိုက်ရှာ၊ ကော်ပီကူး။ စာကြည့်တိုက်မှာသွားမွှေ၊ ကော်ပီကူး။ ဒါမှမရရင်တော့ spring singapore မှာ သွားဝယ်။ ကိုယ်တိုင်သွားစရာတော့လည်း မလိုဘူးပေါ့ဗျာ။ online ကနေ၀ယ်လို့ရပါ၏။ iBanking ဒါမှမဟုတ်၊ Debit card, Credit card, master, visa စသည်ဖြင့် ဘာနဲ့ပေးပေး ပေးလို့ရပါသည်။ ဈေးလည်းမကြီးပါ။ ၀ယ်ပျော်ပါသည်။
Hard Copy (စာအုပ်) ပဲလိုချင်လိုချင်၊ Soft copy ပဲလိုချင်လိုချင် ရပါ၏။ ဈေးနှုံးကတော့ အတူတူပင်ဖြစ်ပါသည်။ စီဒီနှင့်လည်း မှာလို့ရသည်။ စာတိုက်ကနေပို့ပေးပါလိမ့်မည်။ သူတို့ဆိုင်ကို လမ်းလျှောက်သွားချင်သပ ဆိုလျှင်လည်း ရပါသည်။
Toppan Leefung Pte Ltd
1 Kim Seng Promenade #18-01
Great World City East Tower
Singapore 237994

Customer Service Hotline : (65) 6826 9691
Fax : (65) 6820 3341
Email : singaporestandardseshop@toppanleefung.com
Operating Hours :
Mon to Fri : 9.30am to 6.00pm
Closed on Saturdays, Sundays and Public Holidays


(၅) မြန်မာပြည်မြို့ကြီးများအတွက် လိုအပ်ချက်
ဤသည်မှာ စင်ကာပူအစိုးရက လူ ၅ သန်းကျော် နေ့စဉ်စွန့်ပစ်နေသော အညစ်အကြေးများအား မည်ကဲ့သို့ စီမံခန့်ခွဲထားပုံကို ကျွန်တော် လေ့လာမိသမျှ ဖောက်သည်ချခြင်း ဖြစ်ပါ၏။ ပိုမိုအသေးစိတ် သိလိုသေးသူများ PUB Website ဖြစ်သည့် http://pub.gov.sg တွင် လေ့လာနိုင်ပါသည်။ လက်စွဲ စာအုပ်များလည်း ရယူနိုင်ပါသည်။
ကျွန်တော်ပဲ ညံ့လို့လား၊ တကယ်ပဲမရှိလို့လား မသိပါ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ရေဆိုးပြုပြင်ရေးစနစ် ရှိသည်ဟု မကြားမိပါ။ ရှိချင်လည်းရှိမည်။ ရှိချင်မှလည်း ရှိမည်။ ကျွန်တော်မသိပါ။ ရန်ကုန်ရွှေမြို့တော်နေ ၄ သန်းကျော်မျှသော လူတို့ နေ့စဉ်ပါချလိုက်သော သည်ပစ္စည်းများ ဘယ်ရောက်သွားသနည်း။ ဘယ်လို စုဆောင်းထားပါသနည်း။
ဘာတာမှ ဦးဝင်းတို့အိမ်တွင် တည်းခဲ့ရစဉ်က သူတို့အိမ်က ရေကန်ကို ကျောပေးကာ ဆောက်ထားခြင်း ဖြစ်သည့်အတွက် အိမ်က ရေတစ်ပိုင်း ကုန်းတစ်ပိုင်း ဖြစ်သည်။ ပါချလိုက်လျှင် ပလုံဆိုကာ မြုပ်သွားတော့၏။ ထိုရေကန်ကြီးက သူ့ကိုဝန်းရံကာ သို့မဟုတ် သူ့အပေါ်တွင် ဆောက်ထားသောအိမ်များမှ လူများအားလုံး၏ ပစ္စည်းများကို တာဝန်ယူ စားသုံးပေးသည်။ (ဒါ မီးမလောင်ခင်က၊ ခု မီးရှို့လိုက် (အဲလေ ယောင်လို့) မီးလောင်လိုက်တော့ သူတို့လည်း မြို့သားစစ်စစ်ဘ၀က တောကြိုအုံကြား သို့ နေ့ချင်းညချင်း ရောက်သွားလေတော့၏။)
ရွှေပေါက်ကံ၊ သုဝဏ္ဏ၊ တောင်ဥက္ကလာ၊ လှိုင်သာယာ၊ သာကေတ စသည့် မြို့နယ်၊ ရပ်ကွက် တော်တော်များများသို့ ကျွန်တော် ရောက်ဖူးသလို အိမ်သာလည်း ၀င်ဖူးပါ၏။ ကျွန်တော်တွေ့ရသမျှ အိမ်များ၌ တစ်အိမ်သာ မိလ္လာကန်တစ်လုံးစနစ် ဖြစ်ပါသည်။ သူ့ဟာနဲ့ သူတော့လည်း ဟုတ်လို့။ ခု ကျွန်တော့်မိတ်ဆွေများ ကန်ထရိုက်တိုက် ဆောက်ကာ ရောင်းနေသည်။ သူတို့ကို သည် ရေဆိုးကိစ္စ စကားစပ်ကာ မမေးမိ။ သူတို့လည်း သည်လို တိုက်တစ်လုံး၊ မိလ္လာကန်တစ်ခု စနစ်ကို ကျင့်သုံးဘို့များပါသည်။ အနို့ သည်လိုမကျင့်သုံး ဘယ်လိုကျင့်သုံးမည်နည်း။
လွန်ခဲ့သော ၄ နှစ်ခန့် ကျွန်တော်ရန်ကုန်ပြန်ရောက်စဉ်က လက်ရှိ ကျွန်တော်တို့နေနေသော အိမ်မှာ အပြီးမသတ်သေး။ ဆောက်လက်စပင် ရှိသေး၏။ ကျွန်တော်က သူတို့ဆောက်လုပ်ရေးလုပ်ငန်းများအကြောင်း စပ်စုမိရာ ထိုပုဂ္ဂိုလ်က ကျွန်တော့်အား ကျွန်တော်တို့က မိလ္လာစနစ်ကို စင်ကာပူစတင်းဒတ်အတိုင်းဆောက်တာဗျ ဟု ကြွားပါလေ၏။ ရီချင်စိတ်ကို ကျိတ်မှိတ်မြိုသိပ်လျှက် သြော်၊ ဟုတ်လား၊ ကောင်းပါပေရဲ့ကိုယ့်လူ ဟု ရောချလိုက်ရသည်။ ငယ်စဉ်ကမူ ဤကိစ္စမျိုးဆို အင်မတန် ချဲလင်းလုပ်ချင်သော စိတ်ကလေးရှိ၏။ ကျွန်တော်သာ ယခု အသက် ၃၀ ပတ်ဝန်းကျင်လောက်ဆိုပါက ဟုတ်ပါပြီ ကိုယ့်လူရယ်၊ ကိုရင်ပြောတဲ့ အဲဒီ စင်ကာပူစတင်းဒတ်ကို ကျွန်တော့်နည်းနည်းလောက် ရှင်းပြစမ်းပါ။ ပညာရတာပေါ့ ဟု ပြန်တွယ်မိမှာ အမှန်ဖြစ်၏။
ကျွန်တော်တို့ပြည်ရိပ်မွန်အိမ်ယာတွင်တော့ တိုက်တစ်လုံး မိလ္လာတစ်ကန် ဖြစ်မည်ထင်ပါသည်။ ကျွန်တော်မည်မျှ ညံ့ဖျင်း သနည်းဟူမူ ကိုယ်ထုတ်လိုက်သော ပစ္စည်းများ ဘယ်နေရာသွားစုနေသည်ကို တစ်ခါဖူးမျှ ဆင်းမကြည့်ဖူးခဲ့ပါ။ သည်တစ်ခါ ပြန်မှ သွားကြည့်ရဦးမည်။ သဟာနှင့်များတောင် ကိုရွှေစီဗယ်က ကျွန်တော့်ကို ကျွန်တော်တို့က စင်ကာပူ စတင်းဒတ်အတိုင်း လုပ်တာဗျ  ဟု ပြောသည့်အခါ ကျွန်တော်မည်ကဲ့သို့ နားလည်ရပါမည်နည်း။  သူပြောသည့် စင်ကာပူစံနှုံးကို သူပဲနားလည်ပါ လိမ့်မည်။
မိလ္လာကန်ဆိုတိုင်း ရမ်းဆောက်လို့မရ။ သူ့စံချိန်စံညွှန်းများရှိသည်။ သောက်သုံးရေကန်နှင့် အကွာအဝေးသတ်မှတ်ချက် ရှိသည်။ ကျွန်တော်တို့ ရန်ကုန်တွင်မတော့ ကိုယ့်စံချိန်နှင့်ကိုယ် ချနေကြတာဖြစ်မည်။ မိလ္လာကန် နှင့် သောက်ရေကန် ၅ မီတာ တောင် ဝေးချင်မှဝေးမည်။ ပြည်ရိပ်မွန်အိမ်ယာများတွင် ရေဆိုးကန်က နောက်၊ တိုက်အောက်တွင် သောက်ရေကန် ဆိုတော့ ကပ်လျှက် ဖြစ်ပါ၏။ သို့သော်လည်း သည်ရေကိုပင် သောက်သုံး အသက်ရှင်နေကြရသည်မှာ နွဲ့ယဉ်ဝင်း သီချင်းလို ယနေ့မှစ နှစ်တစ်ရာတိုင်ကွယ် ဖြစ်မည် ထင်ပါသည်။
သို့ဆိုလျှင် ကျွန်တော်တို့ လက်ရှိ အိမ်တစ်ဆောင်/တိုက်တစ်လုံးလျှင် မိလ္လာကန်တစ်ခု စနစ်အတိုင်း ဆက်သွားမည်လား။ စင်ကာပူလို centralize စနစ် သုံးမည်လား။ အခြားနိုင်ငံမှ မြို့ကြီးများတွင် မည်ကဲ့သို့ သုံးနေကြသည်ကို ကျွန်တော်မသိပါ။ အကယ်၍ လက်ရှိ မိလ္လာကန်စနစ် ဆက်သုံးမည်ဆိုလျှင် မိလ္လာကန်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျချမှတ်ပေးရန် လိုပါသည်။
ချမှတ်ရာတွင်လည်း အုပ်ချုပ်သူဆိုသူများ ပါးစပ်ထဲတွေ့ရာ ထင်ရာမြင်ရာများ လျှောက်ချမှတ်ထားတာ မဟုတ်ဘဲ တကယ်တတ်သည့် တော်သည့် အတွေ့အကြုံရှိသည့် စည်ပင်အင်ဂျင်နီယာများက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ တိုင်းတာတွက်ချက်ကာ (စင်ကာပူမှ Code of Practice ကဲ့သို့သော စာအုပ်မျိုး) ချမှတ်ထားခြင်းမျိုး ဖြစ်သင့်ပါသည်။
ချမှတ်ရုံနှင့်မပြီးသေး။ ဆောက်လုပ်သူများကလည်း ထိုစံချိန်စံညွှန်းများအတိုင်း လိုက်နာရန် အရေးကြီးပါသည်။ သူတို့လိုက်နာ၊ မလိုက်နာ ဆိုသည်ကို အာဏာပိုင်ဘက်မှ လိုက်လံစစ်ဆေး၊ မလိုက်နာသူများကို (သူတို့ပေးလိုက်သည့် ပိုက်ဆံ အိတ်ထဲ ထည့်ကာ မျက်စိမှိတ်ပြန်မလာဘဲ) စနစ်တကျ အပြစ်ပေး အရေးယူ စသဖြင့် ကျကျနန လုပ်ဆောင်ရန် လိုပါသည်။
ပိုအရေးကြီးသည်မှာကား ပေးလိုက်သောပိုက်ဆံကို အိတ်ထဲထည့်ကာ ပြန်လာသည့် အဆိုပါ အင်ဂျင်နီယာဆိုသူကို အရေးယူ အပြစ်ပေးမည့် တိကျ၊ မှန်ကန်၊ ခိုင်မာသော ဥပဒေတစ်ရပ်၊ ထိုဥပဒေကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပေးမည့် တရားဥပဒေ ဘက်တော်သားများ စသည်တို့ဖြစ်ပါသည်။
အင်္ဂလိပ်များကား အလွန်စည်းစနစ်ကျနသူများ ဖြစ်၏။ ၎င်းတို့အုပ်ချုပ်စဉ်က ရန်ကုန်ဟူသည် အရှေ့တောင်အာရှတွင် ထိပ်တန်းကနေခဲ့သည် မဟုတ်ပါလော။ ယနေ့တိုင် ၎င်းတို့ချမှတ်ရေးဆွဲခဲ့သော ဥပဒေ နည်းဥပဒေများကို ကမ္ဘာ့နိုင်ငံအတော် များများက လက်ခံကျင့်သုံးနေရသေးသည်။ (စင်ကာပူမှ ဥပဒေများသည်လည်း အင်္ဂလိပ်ဥပဒေများဖြစ်ပြီး ခေတ်နှင့် လျော်ညီအောင် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ထားခြင်းမျှဖြစ်ပါသည်။)
သို့ဆိုလျှင် အင်္ဂလိပ်များလက်ထက်က ရန်ကုန်မြို့တော် စည်ပင်သာယာ (ယခင်က မြူနီစီပယ်) တွင် ရေသန့်စနစ်၊ မိလ္လာစနစ်၊ ရေပေးရေးစနစ်၊ မီးကာကွယ်ရေးစနစ် စသည်တို့အတွက် ဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများ သေချာပေါက်ရှိခဲ့မည် မုချ။ ယခုလည်း ဆက်လက်ရှိနေဦးမည် မုချ။ ဒါဖြင့် အင်္ဂလိပ်တွေ အုပ်ချုပ်တုံးက ဘာလို့သန့်နေပြီး ဘာလို့ အခု ညစ်ပတ်နေရ ပါသနည်း။
အဖြေကား တစ်ခုတည်းမဟုတ်။ အလွန်ရှုပ်ထွေးလှပေသည်။ ဤအထဲတွင် ကျွန်ုပ်တို့သည် ရှင်ပြုတုံးက ရွှေထီးဆောင်းခဲ့ခြင်း အပေါ်၌သာ ကြည်နူးနေပြီး ရှေ့ဆက် ဘာမှ မလုပ်ခဲ့သောကြောင့်တစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ကို ဒုက္ခပေးခဲ့သော ကွန်မြူနစ်ဆိုသော စနစ်ကြီးပေါ်လာခြင်းကြောင့် တစ်ကြောင်း၊ ထိုကွန်မြူနစ်စနစ်ကို ခုတုံးလုပ်ကာ ဉာတကာနဉ္စသင်္ဂဟော မင်္ဂလာကို ဖြည့်ကျင့်ကြသော နိုင်ငံခေါင်းဆောင်များကြောင့်လည်းကောင်း။ ဦးနေ၀င်းတည်းဟူသော ဒေ၀ဒတ်၏မြေးနှင့် ၎င်းကိုဝိုင်းကာ အချွန်နှင့်မ,ပေးကြကုန်သော ပုတ်သင်ညိုများကြောင့် လည်းကောင်း။
ထိုမျှသာမကသေး။ ၈၈ တော်လှန်ရေးဖြင့် အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်နိုင်ခဲ့ပြီးသကာလ ပြုပြင်ပြောင်းလဲရန် အခွင့်အရေး ရခဲ့ပါလျှက် ထိုကဲ့သို့ ပြုပြင်ပြောင်းလဲလိုက်လျှင် အာဏာရှင်စနစ်ကို ဆက်လက်မကျင့်သုံးနိုင်တော့မည်ဖြစ်၍ ပြင်စကား ဆိုလာသူ ဒို့ရန်သူ သဘောထားကာ ဖြုတ်ထုတ်သတ်ဟူသည့် ရှေးမြန်မာမင်းများကျင့်ထုံးကို  ဆက်လက်ကျင့်သုံး နေသူများ ကြောင့်တစ်ကြောင်း။ နိုင်ငံတကာအကြောင်း မျက်စိဖွင့်မကြည့်။ တခြားတိုင်းပြည်တွေ ဘယ်လိုနေနေ ငါတို့ကတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်ကို ဆက်လက်ကျင့်သုံးမကွ ဟု ခေါင်းမာသူများကြောင့်တစ်ကြောင်း။
အားလုံးကိုချုပ်ရလျှင် ကံကြမ္မာနုံ့နဲ့လှသည့် မြန်မာပြည်ကြီးတွင် ပညာတတ်သည့်၊ အတွေးအခေါ်၊ အမြော်အမြင်နှင့် ပြည့်စုံသည့်၊ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုသော နိုင်ငံခေါင်းဆောင်များကို မရခဲ့သည့်အတွက် ဖြစ်ပါသည်။
ထိုအခါ -
အကျိုးဆက်အနေဖြင့်  -
အင်္ဂလိပ်များ စနစ်တကျတည်ဆောက်သွားသော ရန်ကုန်မြို့ကြီးကို ဤစနစ်အတိုင်း ဆက်လက်မထိန်းသိမ်းနိုင်တော့။ အင်္ဂလိပ်များက သူရို့ခေတ်က ရှိခဲ့သော ရန်ကုန်လူဦးရေ လေးသောင်းစာ အတွက် တွက်ချက်ကာ ရေပေးစနစ်၊ မီးပေးစနစ်၊ မိလ္လာစနစ်များ ချမှတ်သွားခဲ့လိမ့်မည်။ ယခုရန်ကုန်လူဦးရေက လေးသန်း ဖြစ်နေပြီ။ ထိုစနစ်များကို လေးသောင်းကနေ လေးသန်းအတွက် ပြန်လည်ပြုပြင်ရေးဆွဲ၊ အကောင်အထည်ဖော်ပါသလား ဟု မေးခွန်း ထုတ်စရာရှိပါသည်။ ကျွန်တော် ရန်ကုန်စည်ပင်အကြောင်း မလေ့လာမိသည့်အတွက် မသိကြောင်း ရိုးသားစွာ ၀န်ခံပါသည်။
မေတ္တာရပ်ခံချက် -
ရန်ကုန်မှ ဆောက်လုပ်ရေး ကန်ထရိုက်မိတ်ဆွေများ ခင်ဗျား -
ခင်ဗျားတို့ဆောက်နေသော တိုက်များတွင် တပ်ဆင်ထားသော မိလ္လာစနစ်၊ မိလ္လာကန်များတည်ဆောက်ပုံ၊ ဤသို့ တည်ဆောက်ရန် လိုက်နာရသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများရှိမရှိ။ ရှိလျှင်လည်း အတိအကျလိုက်နာ မနာ။ မြို့တော်စည်ပင်က စစ်ဆေးမဆေး၊ ဤမိလ္လာကန်များသည် သုံးစွဲရန်သင့်တော်ပါသည် ဆိုသော တရားဝင်အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ပေးထားသော လက်မှတ်ရှိမရှိ စသည်တို့ကို သိခွင့်ရလျှင် သိချင်ပါသည်။
အကယ်၍ လက်ရှိကျင့်သုံးနေသော စနစ်တွင် မရှိသေးပါ ဆိုလျှင်လည်း စတင်အကောင်အထည်ဖော်ရန် လိုအပ်နေပါပြီ ဆိုသည်ကို ကျွန်တော်က မီးမောင်းထိုးပြလိုပါသည် ခင်ဗျား။ ဒါ ခင်ဗျားတို့၊ ကျွန်တော်တို့လုပ်လို့ရသော အလုပ်မဟုတ်။ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်တွင်တင်၊ ဥပဒေတွေဘာတွေရေးဆွဲ၊ ပြည်သူကိုချပြ၊ အကြံဉာဏ်တွေယူ၊ နောက်ပြီး လွှတ်တော်တွင် အတည်ပြု စသဖြင့် အဆင့်ဆင့်လုပ်ရမည် ဖြစ်ပါသည်။

(၆) ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား

သည်စကားကို ကြားနေရသည်မှာလည်း ဆယ်စုနှစ် ၃ စုစာမျှ မကတော့ပြီ။ ယခုတိုင် ပြောနေရသေးသည်ဆိုတော့ အပြောပဲ ရှိသည်။ မည်သူကမျှ ဂရုစိုက်ပြီး မလုပ်ကြ ဟူသော သဘောသက်ရောက်နေ၏။ ဤအထဲတွင် ကျွန်တော်လည်း တစ်ဦး အပါ အ၀င်ဖြစ်သည်။
မိလ္လာစနစ်သည် ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်နေ၏။ နေမကောင်းဖြစ်မှ ဆေးခန်းသွားတာထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဘို့က ပိုအရေးကြီးသည်။ ရန်ကုန်ကို ဒူးဆစ်လောက်ရောက်အောင် ရေလျှံပါပြီတဲ့။ သည်မိလ္လာကန်များ အတွင်း ရေများမ၀င်ပါလော။ ထိုအခါ ထိုမိလ္လာကန်များအတွင်း စုဆောင်းထားသမျှသည် အပြင်သို့ မထွက်လာပါသလော။ ထိုအခါ ထိုထွက်လာသည့်အညစ်အကြေးတို့နှင့် ပြည့်နှက်နေသည့် ရေညစ်များသည် တစ်မြို့လုံးသို့ မပြန့်ပါသလော။ ထိုအခါ ၀မ်းပျက်ဝမ်းလျှောရောဂါတို့  မဖြစ်ပါသလော။ လူအပေါင်းတို့ အသက်မဆုံးရှုံးနိုင်ပါသလော။ တွေးကြည့်ရုံမျှနှင့် ကြက်သီးထ စရာ ကောင်းပါသည်။
အို - တစ်မြို့လုံးရေလျှံဘို့ဆိုတာ မဖြစ်နိုင်တာကွာ။ ငါ့တစ်သက်တော့ မကြုံဖူးပါဘူး ဆိုအံ့။ ယခင်က မကြုံခဲ့ဖူးသော ရေလျှံမှုမျိုး၊ ယခု ထိုင်းနိုင်ငံ၊ ပခုက္ကူ၊ မန္တလေး၊ ပဲခူး မြန်မာပြည်အ၀ှမ်း ကြုံဖူးနေရပြီ။ တစ်မြို့လုံး ရေမလျှံဘူး ဆိုစေ။ ပုံမှန် စုပ်မထုတ်လျှင် မိလ္လာကန်များ ရေလျှံတတ်သည်။ ထိုရေများ အိမ်များတစ်ဝိုက်မစီးလျှင် ဘယ်နားသွားစီးမည်နည်း။ မိလ္လာကန် များမလုံလျှင် ထိုနေရာများ၌ ယင်များနားကာ ထိုယင်များသည် စားသောက်ဆိုင်များအတွင်း ၀င်လာပါက ရောဂါပေါင်းစုံ မဖြစ် ပါသလော။
တစ်ခုကလေးမျှ ကွက်မကြည့်ပါနှင့်။ ကျွန်တော်တို့မသိသော ဆက်စပ်ပတ်သက်နေသည့် အကြောင်းများစွာရှိပါသည်။
စည်းစနစ်ကျသော မြန်မာပြည်ကြီးဖြစ်လာစေလိုသော ဆန္ဒများဖြင့် ဤကဲ့သို့သော စာများကို ရေးပါသည်။ မျိုးဆက်သစ်တို့ စဉ်းစားဆင်ခြင်နိုင်ကြပါစေကုန်။ နောက်ပြီး လေ့လာနိုင်ကြပါစေကုန်။ ပြီးတော့ လက်တွေ့ အကောင်အထည် ဖော်နိုင်ကြပါ စေကုန်။
ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည် အရည်အသွေးပြည့်ဝသော ခေါင်းဆောင်ကောင်းများ၊ ပညာတတ်များ၊ မှန်ကန်သော ဥပဒေ ဘက်တော်သားများကို သည်ဆယ်စုနှစ်များအတွင်း ရလာပါစေဟု ဆုတောင်းလိုက်ပါသတည်း။

အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
23/10/2011, 2:46 pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ဆရာ “အေးငြိမ်း”
ကျန်းမာပါစေမင်္ဂလာပါ-ဒီမှာလည်းလာ ဖတ် မှတ် သွား
ပါတယ်ဗျာ-မေးထဲမှာကဓါတ်ပုံကလေးတွေမမြင်ရဘူးလေ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Anonymous said...

Thanks for your valuable posts..

Knowledges Kg Lay said...

အရမ်းကောင်းတဲ့ ဗဟုသုတလေးပါပဲခင်ဗျာ..
ကျနော်တို့လည်း ဆရာပြောသလိုမျိုး ဖြစ်ချင်ပါတယ်ခင်ဗျာ..
အခွင့်အရေးရှိရင် တစ်ဖက်တစ်လမ်းကနေ ပါဝင်ချင်ပါတယ်...